IMNA
မြန်မာနိုင်ငံတွင် အဓိကနိုင်ငံရေးပြဿနာ (၂) ရပ်ရှိပေသည်။ ထိုနိုင်ငံရေး ပြဿနာကား (၁) ဒီမိုကရေစီ အခွင့်အရေး ဆိတ်သုဉ်းခြင်းနှင့် (၂) တိုင်းရင်းသား တို့၏ တန်းတူရေး အခွင့်အရေး ဆုံးရှုံးခြင်းတို့ ဖြစ်သည်။
ဤပြဿနာနှစ်ရပ် အရှိန်အဟုန်ပြင်းထန်စွာ ပေါက်ကွဲလာခြင်းသည် ၁၉၆၂ ခုနှစ်ကတည်းက ဖြစ်ပေသည်။ ဗိုလ်ချူပ်ကြီးနေဝင်း ဦးဆောင်သည့် မဟာလူမျိုး ကြီးဝါဒကို ကိုယ်စားပြုသည့် စစ်အစိုးရသည် ဒီမိုကရေစီအစိုးရထံမှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၌ ဒီမိုကရေစီစနစ် ဆိတ်သုဉ်းသွားရုံသာမက၊ ဗိုလ်ချူပ် အောင်ဆန်းနှင့် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များ သဘောတူညီခဲ့သည့် ပင်လုံညီလာခံ သဘောတူညီချက်ကိုလည်း ဖောက်ဖျက်စေပေသည်။
ဗိုလ်ချူပ်ကြီးနေဝင်းသည် မဆလပါတီ တည်ထောင်ပြီးသည့်နောက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းအခြေခံဥပဒေနှင့်အတူ အရပ်သားအဝတ်အစားဖြင့် တိုင်းပြည်ကို ဆက်လက်အုပ်ချူပ်ခဲ့ပေသည်။ တိုင်းပြည်ကို တပါတီအာဏာရှင်စနစ်ဖြင့် အုပ် ချူပ်ခဲ့ခြင်းကြောင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးစုတို့အား ဖိနှိပ်တိုက်ခိုက်သည့် ပြည်တွင်းစစ်တွင် အသုံးပြုရန် နိုင်ငံတော်၏ ဘတ်ဂျက်ကို အကြီးအကျယ်ဆုံးပြုခဲ့ခြင်းတို့ကြောင့်လည်းကောင်း မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ကျဆင်းခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီကို တောင်းဆိုသည့် လူထူဆန္ဒပြပွဲကြီး ပေါ်ပေါက်ခဲ့ပေသည်။
ယခုသည်လည်း စစ်အစိုးရသည် အတိတ်မှသင်ခန်းစာကို ယူတတ်သည့် ပုံမပါပေ။ ၂၀၀၈ ခုနှစ်တွင် ၁၉၇၄ ခုနှစ်သကဲ့သို့ ၄င်းတို့တဖက်သတ်ရေးဆွဲထား သည့် အခြေခံဥပဒေအား အသုံးပြုကာ ဗိုက်ချုပ်ကြီးနှင့် အခြားစစ်အရာရှိတို့၏ အာဏာတည်မြဲရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို ထိန်းသိမ်းသွားမည်ဆိုပါက မြန်မာနိုင်ငံရေးပြဿနာမှာ ပြေလည်သွားမည်မဟုတ်ပေ။
နိုင်ငံရေးပြဿနာမှာ ဆက်လက်တည်ရှိနေမည်ဖြစ်ကာ ဒီမိုကရေစီအင်အားစုများမှာလည်း ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပေသည်။ ထို့အတူ တိုင်းရင်းသားများမှာလည်း ၄င်းတို့အမျိုးသားရေးအခွင့်အ ရေးမရရှိမချင်း ဥပဒေဘောင်တွင်းမှ တမျိုး၊ လက်နက်ကိုင်တော်လှန်ရေးဖြင့် တဖုံ အသစ်တက်လာမည့် စစ်တပ်တပိုင်း အရပ်သားတပိုင်း အစိုးရကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ပေသည်။
ယခုလောလောဆယ်တွင် ဒီမိုကရေစီအရေးကို တောင်းဆိုသည့် နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ခန့် မြန်မာနိုင်ငံအကျဉ်းထောင်အနှံ့အပြားတွင် ဖမ်းဆီး ချူပ်နှောင်ခြင်း ခံထားရပေသည်။ (၂၀၁၀) ရွေးကောက်ပွဲ ပြီးသည့်တိုင် ထိုအ ကျဉ်းသားများအား လွှတ်ပေးမည်မဟုတ်ပေ။ (၂၀၁၀) ရွေးကောက်ပွဲပြီးပါက အကျဉ်းသားများအပေါ် မည်သို့သဘောထားမည်လော၊ ထိုအကျဉ်းသားတို့အား ထိန်းသိမ်းထားမည်ဆိုပါက အစိုးရသစ်သည် နိုင်ငံတကာ၏ ဖိနှိပ်မှုကို အဆက်မပြတ် ခံနေမည်ဖြစ်ပေသည်။ အစိုးရသစ်သည် အရပ်သားတပိုင်း အစိုးရဖြစ်သော်လည်း မျက်နှာလှသည့် အစိုးရမဖြစ်နိုင်ပေ။
တိုင်းရင်းသားအခွင့်အရေးကို လျစ်လျူရှုထားသည့်အတွက် တက်လာမည့် အစိုးရသစ်သည် ပြည်တွင်းစစ်အား ဆက်လက်ဆင်နွှဲရဦးမည်ဖြစ်သည်။ နိုင်ငံတော်၏ ဘတ်ဂျက်အများအပြားကို အသုံးပြုကာ ပြည်တွင်းစစ်ကို ဆင်နွဲဦးမည်။
ဒီမိုကရေစီ ဆက်လက်ဆိတ်သုဉ်းနေပြီး လက်နက်ကိုင်ပဋိပက္ခနှင့် ဆက် လက်ပြည့်နှက်နေမည့် မြန်မာနိုင်ငံ၏ အခြေအနေကား ၁၉၈၈ ခုနှစ် မတိုင်မီက အခြေအနေနှင့် တူနေပေသည်။ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုတို့၏ စားဝတ်နေရေး၊ စီးပွားရေးနှင့် လူမှုရေးအကြပ်အတည်းများအား ဆက်လက် ရင်ဆိုင်ရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
No comments:
Post a Comment