စံခလပူရီ(ဇူလိုင်-၁၂)။ ။ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းလဲရေးနှင့်ပတ်သက်၍ စစ်အစိုးရမှထပ်မံတိုက်တွန်းချက်ကို ပြန်လည်သုံးသပ်နိုင်ရန် မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်များ ယခုလဆန်းပိုင်း၌ ၄င်းတို့၏ဗဟိုဌာချုပ်တွင် အစည်းအဝေး ကျင်းပခဲ့ရာ ဆုံးဖြတ်ချက်အတည်မပြုနိုင်သဖြင့် ဗဟိုကော်မတီအရေးပေါ်အစည်းအဝေး တစ်ရပ်ကိုခေါ်ယူ ခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသော် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးနှင့် ယနေ့တွေ့ဆုံ မေးမြန်းချက်အရ သိရှိရသည်။
သတ္တမအကြိမ်မြောက်မွန်ပြည်သစ်ပါတီဗဟိုညီလာခံတွင် ဗဟိုကော်မတီဝင်များကျမ်း
သစ္စာကြိမ်ဆိုနေပုံ

မွန်ပြည်သစ်ပါတီ ဥက္ကဌနိုင်ထောမွန်၊ ပါတီထိပ်ပိုင်း ခေါင်းဆောင်အချို့နှင့် ရတခတိုင်းမှူးဗိုလ်ချုပ် သက်နိုင်ဝင်း တို့ တွေ့ဆုံခဲ့ကြစဉ် စစ်အစိုးရနေပြည်တော်၏ အချက် ၃ ချက်ပါ တောင်းဆိုချက် အသစ်များ ပါလာသည်ဟု ဆိုပါသည်။
ယင်းတောင်းဆိုချက်များမှာ (၁) မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ကိုနယ်ခြား စောင့်တပ်အဖြင့် ပြောင်းလဲဖွဲ့စည်းပေးရန်၊(၂) အကယ်၍မပြောင်းလဲနိုင်ပါက ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် ခံယူလျှင် ယခုတပ်ဖွဲ့ တည်နေရာများအတိုင်းဆက်လက်ရပ်တည်ခွင့်ပြုမည်၊(၃) အဆိုပါ အချက်နှစ်ရပ်လုံးကို လက်မခံပါက မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်နိုင်ရန် မွန်ပြည်သစ်ပါတီ၏ အမြင်သဘောထားများကို စစ်အစိုးရအားတင်ပြပေးရန် စသည့်အချက် ၃ ချက်ပါဝင်သည်ဟု ဆိုပါသည်။
ယင်းအချက်အလက်များနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာအား တွေ့ဆုံ မေးမြန်းခဲ့ရာတွင် မိမိသည်လည်း နိုင်ငံခြားခရီးထွက်ရှိနေစဉ် ဖြစ်ပေါ်ခဲ့သောကိစ္စများဖြစ်၍ ပါတီဌာနချုပ်သို့ ရောက်ရှိပြီးမှသာ အသေးစိတ်ကိုသိရှိနိုင်မည်ဟု ပြောဆိုခဲ့သည်။
ပါတီဗဟိုအလုပ်အမှုဆောင်တစ်ဦးကမူ နယ်ခြားတပ်ဖွဲ့အသွင်ပြောင်းလဲသွားရေးကိစ္စတွင် မွန်ပြည်သစ်ပါတီ၏ လက်ရှိရပ်တည်ချက်မှာ ယခင်အတိုင်းရပ်တည်ချက်များအတိုင်း အပြောင်းအလဲ တစ်စုံတစ်ရာမရှိကြောင်းနှင့် ယခင်စစ်အစိုးရမှ မည်သည့်အခါမှမပြောခဲ့ဘူ့းသည့် မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်အား တရားဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်နိုင်ရန် မည်ကဲ့သို့လုပ်ဆောင်ကြရမည့် အဆိုပြုချက်ကို လာမည့်ဗဟိုကော်မတီအစည်းအဝေး၌ သတိထား၍ အသေအချာ သုံးသပ်သွားရမည်ဟု ဆိုပြန်သည်။
မွန်ပြည်သစ်ခရိုင်ကော်မတီဝင်ဟောင်း နိုင်ဗညားက “ဒါကအမြင်သစ်တစ်မျိုးကို ပါတီတွင်းကို သွပ်သွင်းလာပြီး သဘောထားအမြင်တွေထွေပြားလာအောင် စစ်အုပ်စုကစားတဲ့ နည်းတစ်နည်းပါပဲ၊ တပ်နေရာချထားရေးကိစ္စဟာ မွန်တပ်တစ်တပ်ကိုပဲ ကိုယ့်ပုံစံနဲ့ကိုယ်နေခိုင်းလို့ မဖြစ်နိုင်တဲ့ဟာ၊ အခြားတိုင်းရင်းသားတပ်တွေလည်း ရှိသေးတယ်လေ၊ အကောင်းဆုံးက အခုမွန်ပြည်သစ်လက်ရှိ သဘောထားတွေအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံကို အများလက်ခံနိုင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲခေါ်ယူပြီး ဖွဲ့စည်းပုံကိုပြင်ဆင်လိုက်ယင် နိုင်ငံရေးကိစ္စတွေရော၊ တပ်ဖွဲ့ကိစ္စတွေပါ တစ်ခါထဲနဲ့ပြီးသွားမှာပါပဲ၊ ဒီသုံးပွင့်ဆိုင်ကိစ္စကို မလုပ်ပဲနဲ့တော့ ကျနော်တို့နိုင်ငံရေးကိစ္စ အဝဝဟာ ဘယ်တော့မှလဲ ပြေလည်သွားစရာမရှိနိုင်ပါဘူး” ဟုသုံးသပ်ပြောဆိုခဲ့သည်။
ယခုနှစ်ဆန်းပိုင်းက ကျင်းပခဲ့သော မွန်ပြည်သစ်ပါတီ သတ္တမအကြိမ်ညီလာခံမှ နယ်ခြားတပ်ဖွဲ့အသွင် မပြောင်းနိုင်ကြောင်း စစ်အစိုးရအား ပြတ်သားစွာ ငြင်းပယ်ခဲ့သည်။
No comments:
Post a Comment