Kaowao
စံခလပူရီ(ဇူလိုင်-၁၅)။ ။ ယခုတလော မွန်ပြည်သစ်ပါတီအဖွဲ့အစည်း သတင်းဖေါ်ပြချက်များတွင် အချို့ အင်တာနက်ဝက်ဆိုက်များ၌ မသိမသာလွဲချော်မှုများတွေ့ရှိနေရကြောင်း ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် နိုင်ရွှေသိန်းက Online မှတဆင့် Kaowao Newsgroup ကို ယနေ့ပြော ကြားလာသည်။
“သူတို့က သက်ဆိုင်သူကိုလည်း မမေးမမြန်းပဲရေးနေတော့ အဲဒီလိုပဲလွဲမှားရတာတွေ ဖြစ်ပေါ်နိုင်ပါတယ်”ဟု ကောက်ချက်ချ ပြောဆိုခဲ့သည်။
မွန်ပြည်သစ်ပါတီဝင်ဟောင်း နိုင်ဗညားက “အချို့က မှားမှန်းသိသိကြီးနဲ့ သူတို့ရေးနေတာက အမှန်လိုထင်သွားရအောင် တမင်လုပ်နေတာပဲလို့ကျနော်ယူဆပါတယ်၊ အခုလောလောလတ်လတ်မှာ ဖြစ်နေတဲ့ကိစ္စဆိုတော့ ဟိုလူလည်းမှတ်မိ၊ ဒီလူလဲသိနေကြတော့ ပြဿနာမရှိသေးဘူး၊ ဒါပေမဲ့ နှစ်တွေကြာလာယင် အငြင်းပွားစရာတွေဖြစ်လာကြပါမယ်၊ အချက်အလက်တွေ ဗိုင်းရပ်အတိုက်ခံရ
သလို ဟိုလိုလိုဒီလိုလို ထင်ယောင်ထင်မှားဖြစ်သွားပြီး နောက်ဆုံး ပုဂံရာဇဝင်တွေကိုပြောဆိုကြရသလို တစ်ယောက်နဲ့တစ်ယောက် ဓါးထမ်းပြီးပြောလာကြရတဲ့အထိ အငြင်းပွားစရာတွေဖြစ်သွားနိုင်မယ်၊ မွန်သမိုင်းတွေကိုလည်း သက္ကရာဇ် လွဲမှားအောင်၊ ဟိုယောင်ဒီယောင်ဖြစ်သွားအောင် အဖြစ်မှန်ကို အမှန်ရေးပြကြပေမဲ့ သက္ကရာဇ်နေ့ရက် အမှတ်အသားတွေကို မသိမသာ လွဲမှားမေ့ကျန်ခဲ့ဟန် သယောင်ယောင် လုပ်ပေးထားခဲ့ယင်လည်း နောင်လာ နောက်သားတွေ ဒီသက္ကရာဇ်တွေကို ငြင်းခုံနေကြတာနဲ့ပဲ အချိန်ကုန်သွားရတဲ့ သင်ခန်းစာတွေကို ကျနော်တို့ သတိပြုကြပါ” ဟု သူ၏အမြင်ကို ထုတ်ဖေါ်ပြောဆိုခဲ့သည်။
“ဇွန်လ ၂၉ ရက်နေ့တွင် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ်ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့်တကြိမ် မော်လမြိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းဆွေးနွေးပွဲများတွင် မွန်ပြည်သစ်ပါတီကို
နယ်ခြားစောင့်တပ်ပုံစံ (သို့မဟုတ်) ပြည်သူ့စစ် ပုံစံဖြင့်ဖွဲ့စည်းရန် ကမ်းလှမ်းခဲ့သည်” ဟု အင်တာနက်ဝက်ဆိုက် သတင်း တစ်ရပ်တွင် ယမန်နေ့ကဖေါ်ပြထားလျှက်ရှိသည်။
ဤကိစ္စနှင်ပတ်သက်၍ မော်လမြိုင်ဆက်ဆံရေးရုံးအဖွဲ့ဝင်တစ်ဦးက “ ဇွန်လ ၂၉ ရက်နေ့ဟာ မွန်ပြည်သစ်နဲ့ နဝတအပစ်အခတ်ရပ်ခဲ့တဲ့ ၁၄ နှစ်အထိမ်းအမှတ်အဖြင့် နိုင်ရွှေကျင်စာကြည့်တိုက်မှာ ဆွမ်းကျွေးတဲ့နေ့ပါ၊ ကျနော်တို့လူကြီးတွေ ဗဟိုမှာအစည်းအဝေးလုပ်နေတယ်၊ ဘယ်ကဗိုလ်ချုပ်ရဲမြင့် လာမလဲ” ဟု ယနေ့တွင်ဖုန်းဖြင့် ထပ်မံအတည်ပြုချက်တောင်းရာ၌ ယင်းကဲ့သို့ပြောဆိုပြန်ပါသည်။
မွန်ပြည်သစ်သတင်းနှင့်ပတ်သက်၍ ရေးသားတင်ပြနေမှုများအပေါ် မွန်ပြည်သစ်ပါတီမှလည်း မွန်သတင်းဌာန တာဝန်ခံများနှင့် မကြာမီရက်ပိုင်းတွင် တွေ့ဆုံကြမည်ဟု သိရသည်။
No comments:
Post a Comment