Wednesday, September 23, 2009

တပ်မတော်အရာရှိ C-box နံမည် Cadet နှင့် ကရင်တိုင်းရင်းသားဖူးဒို ၏ဆွေးနွေးပွဲ

စာဖတ်ပုရိတ်သတ်များခင်ဗျား အောက်ပါဆောင်းပါးသည် သောသီခိုဘလော့ C-box တွင် လာရောက်ဆွေးနွေးသော
ဗမာ့တပ်မတော်အရာရှိတစ်ဦး(DSA-ဆင်း ကိုယ့်ကိုယ်ကိုမိတ်ဆက်ထားသူ) C-box နံမည် မောင်Cadet ၏ KNU ကရင်အမျိုးသားအစည်းအရုံး နှင့် ပါတ်သက်၍ သူ၏ ဝေဖန်ချက်များကို ကရင်အမျိုးသား တစ်ဦးဖြစ်သူ ဖူးဒို မှ ပြန်လည်ဖြေရှင်းထား ခြင်းဖြစ်ပါသည်။ စိတ်ဝင်စားစရာ ကောင်းသော Article တစ်ခုဖြစ်ပါတယ်ခင်ဗျား။။။။

"မတူတာကိုဆွဲပြီးမနှိုင်းရဘူးလေ KNU ရှိနေသရွေ့ကရင်ပြည်သူများ ဘယ်တော့မှငြိမ်းချမ်းစွာနေရ လိမ့်မည်မဟုတ်ပေ အဘယ်ကြောင့်ဆိုသော် KNUသည် အကြမ်းဖက်သာဖြစ်သည်၊၊

KNUသည် ငြိမ်းချမ်းမှုကိုမလိုလားပဲ အကြမ်းဖက်မှုသာ လိုလားသောအဖွဲ့စည်းတစ်ခုဖြစ်တယ် KNUများDKBAကိုအတုယူသင့်သည်။ DKBAလိုငြိမ်းချမ်းစွာနဲ့ကရင်လူထုကို ကောင်းအောင်လုပ်နေလျှင် DKBAများကို ကရင်လူထုကြီးများ က ချီးကျူးကြလိမ့်မည်။ KNUကိုထောက်ခံသောကရင်လူထုသည် KNUမိသားစုဝင်များနဲ့ဆွေမျိုး တွေလောက် သာရှိသည်။ လက်နက်ကိုင်ပြီးဗိုလ်ကျချင်သော KNUကို ကရင်လူထု ၈၀ရာနှုံးကမုန်း တီးလျှက်ရှိတယ်။

ကိုယ်ပိုင်ပြဌာန်းခွင့်ပြည်နယ်များမှာ လက်နက်ကိုင်ဆောင်ချင်းမရှိပါ လက်နက်ကိုင်လျှင်လည်း အစိုးရအောက်တွင်သာထားရှိကြသည်၊၊ နိုင်ငံတကာပုံစံအတိုင်း မြန်မာနိုင်ငံကလုပ်ဆောင်လျှက်ရှိသည်။ KNUများသည်ကိုယ်ပိုင်ပြဌန်းခွင့် တောင်းရာမှာ အစိုးရလက်အောက်ကွပ်ကဲမှုကိုလက်မခံချင်ပဲ ကိုယ်ပိုင်ပြည်နယ်ကိုယ်ပိုင် လက်နက်ကိုင် အဖွဲ့စည်းထားရှိစေချင်ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းသည်ခွဲထွက် တာနဲ့အတူတူ ဖြစ်သည်။ ဘယ်နိုင်ငံမှမရှိသောပုံစံမျိုးကိုလက်ခံ လိမ့်မည်မဟုတ်ပေ။ အကြမ်းဖက်သောင်းကျန်းသူ KNUများစဉ်းစားရန် အချိန်ကျရောက်ပြီဖြစ်တယ်၊

စောဘဦးကြီးတို့အချိန်ကယခုချိန်နဲ့မတူပေ၊ ကရင့်လက်နက် ကရင်ကိုင်ခွင့်ရှိသည်ဆိုသည်မှာ စောဘဦးကြီးကဘယ်လိုမျိုးနဲ့ပြောခဲ့တာပါလိမ့်
သူလည်းအကြမ်းဖက်ခေါင်းဆောင်သာသာတစ်ယောက် အတွေးခေါ်ပဲရှိတဲ့သူပဲဖြစ်လိမ့်မယ်၊၊
ကရင်လက်နက်ကိုင်ချင်ရင်နိုင်ငံတကာစံနှုန်းအတိုင်းလုပ်ဆောင်ဖို့လိုမည်" - by Cadet


စာဖတ်ပရိတ်သတ်များခင်ဗျား- ဒီစာကတော့ မြန်မာတပ်မတော်အရာရှိတစ်ဦး၏ရေးသားချက်ကို ကရင်တိုင်းရင်းသားဖူးဒိုမှပြန်လည်ဆွေးနွေးချက်ဖြစ်ပါတယ်။ သောသီခိုဘလော့ရဲ့ C-box ထဲမှာရေးထားတဲ့နံမည်ကတော့ Cadet ဖြစ်ပါတယ်။

မောင်ကဒက်ခင်ဗျား- ကရင့်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးကိုသိပုံထောက်တော့ စာနဲ့မဝေး ဘူးလို့ခန့်မှန်းရပါတယ်။ ဒါကြောင့်ဒီစာမှာ ကရင့်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ စောဘဦးကြီး၊ လက်ရှိ မောင်ကဒက်တို့ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၊ အကြမ်းဖက်အဖွဲ့တွေအကြောင်း ဆွေးနွေးချင် ပါတယ်။

မောင်ကဒက်အနေနဲ့ စောဘဦးကြီး ရဲ့အတွေးအခေါ်နဲ့စိတ်သဘောထားကိုဝေဖန်ထားတာတွေ့ရပါတယ်။ ဒါကြောင့်စောဘဦးကြီးအကြောင်းကိုအနည်းငယ်ပြောချင်ပါတယ်။

စောဘဦးကြီး ဟာအင်္ဂလန်မှ ၀တ်လုံတော်ရတစ်ဦးဖြစ်ပါတယ်။ သို့သော်လည်း မောင်ကဒက်တို့ရဲ့တပ်ချုပ်ကြီးလည်းခေသူမဟုတ်ပါ။ အညာကအလယ်တန်းကျောင်းထွက်ဖြစ်ပြီး စစ်သည်အင်အားလေးသိန်းကျော်ရှိတဲ့ တပ်မတော်ကို ငြိမ်ဝပ်ပိပြားအောင်ထိန်းထားနိုင်သူပါ။ သူဘဲတော်တာလား စစ်သည် လေးသိန်းကဘဲညံ့တာလားဆိုတာ မောင်ကဒက် တို့အသိဆုံးပေါ့။ ဘာလို့လဲဆိုတော့ တပ်ချုပ်ကြီး မိသားစုရဲ့အနွမ်တာကို တပ်မတော်က အရာရှိတွေ နဲ့ အရာရှိ ကတော်တွေက သည်းခံနိုင်လို့ဘဲ။

စောဘဦးကြီးဟာ ချမ်းသာကြွယ်ဝသောမိဘများမှဆင်းသက်လာပြီး လိုအပ်တဲ့အခါ မိမိပိုင်ဥစ္စာပစ္စည်းများကိုထုခွဲရောင်းချပြီး တိုင်းပြည်နဲ့လူမျိုးတွက်အနစ်နာခံအသုံးပြုသူပါ။ မောင်ကဒက် တို့ရဲ့တပ်ချုပ်ကြီးကတော့ တိုင်းပြည်ရဲ့သံယာဇာတအရင်းအမြစ်တွေကို ထုခွဲရောင်းချပြီး မိသားစုရဲ့ဘဏ္ဍာတော်ထဲ ထည့်သွင်းနေသူပါ။ စောဘဦးကြီးဟာ မိသားစုအရေးကိုလုံးဝပစ်ပယ်ထားပြီး တိုင်းပြည်နဲ့လူမျိုးတွက်အနစ်နာခံသူပါ။ မောင်ကဒက် တို့ရဲ့တပ်ချုပ်ကြီးကတော့ တိုင်းပြည်နဲ့လူမျိုးရေးကို ပစ်ပယ်ထားပြီး မိသားစုအရေး
ကိုဦးစားပေးဆောင်ရွက်နေသူပါ။ စောဘဦးကြီးဟာ မှန်ကန်တဲ့လမ်းစဉ်ချမှတ်ခဲ့လို့ ကရင့်တော်လှန်ရေးအဆက်မပြတ်တာဖြစ်တယ်။ မောင်ကဒက်တို့ရဲ့တပ်ချုပ်ကြီးကတော့ ကိုယ်ရွေးတဲ့လမ်းစဉ်ပေါ် ကိုယ်တိုင်မသွားတတ်ဘဲ လမ်းပျောက်နေသူပါ။ ဒါကိုတော့တပ်မတော်အရာရှိတစ်ဦးအနေဖြစ် သိမြင်တတ်မည်လို့ထင်ပါတယ်။

မောင်ကဒက်က KNU ကို အကြမ်းဖက်အဖွဲ့လို့စွပ်စွဲထားတာတွေ့ရပါတယ်။ “အကြမ်းဖက်ခြင်း” ဆိုတဲ့ ဝေါဟာရ အနက်ဓိပါယ်ကို နိုင်ငံတကာဥပဒေမှာ ဒီလိုဆိုထားပါတယ်။
"Terrorism: the calculated used of violence (or the threat of violence) against civilians in order to attain goal that are political or religious or ideological in nature;
this is done through intimidation or coercion or instilling fear."

အကြမ်းဖက်ခြင်း = နိုင်ငံရေးရည်ရွယ်ချက်၊ ဘာသာရေး ရည်ရွယ်ချက်၊ အတွေးအခေါ်ဝါဒ ရည်ရွယ်ချက်ဖြင့် ပြည်သူများကို ကိုယ်ထိလက်ရောက်ကြမ်းတမ်းစွာပြုလုပ်ခြင်း၊ အင်အားသုံးခြိမ်းခြောက်ခြင်း၊ အတင်းအဓမခိုင်းစေခြင်း၊

မြန်မာပြည်မှာ ပြည်သူတွေ ကိုကြမ်းတမ်းစွာပြုမူဆက်ဆံနေတာ ဘယ်အဖွဲ့အစည်းလဲ၊ “ ပြည်သူ” ဆိုတဲ့အနက်ဓိပါယ် မှာ ဒေသတွင်းနေထိုင်ကြသော ရဟန်းသံဃာံ၊ လူကြီးလူရွယ် ခလေး အားလုံးကို ဆိုလိုပါ တယ်။ မြန်မာပြည်မှာ “အကြမ်းဖက်” လုပ်ငန်းကို လက်တွေ့ကျကျ ဆောင်ရွက်နေတာ နအဖ နဲ့ သူ့နောက်လိုက်တွေဘဲ။ မောင်ကဒက်အနေနဲ့ မိမိတာဝန်ကျရာဒေသတွေမှာ အဲဒီလို အကြမ်းဖက် လုပ်ငန်းတွေ လုံဝပြုလုပ်တာမရှိဘူးထား ပြည်သူလူထုတွေရဲ့ အိုးအိမ်စည်းစိမ်တွေ ကာကွယ်တဲ့အနေနဲ့ အကြမ်းဖက် လုပ်ငန်းလုပ်နေတဲ့ ကို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုတားဆီးရမည့်တာဝန်ရှိတယ်။

KNU အနေနဲ့ DKBA ကိုအတုယူဖို့ မောင်ကဒက်က တိုက်တွန်းထားတယ်။ ဘာကိုအတုယူရမှာလဲ။ နအဖရဲ့အားပေးအားမြှောက်တဲ့အတိုင်း မူးယစ်ဆေးဝါးလုပ်ငန်း၊ လူမှောင်ခိုလုပ်ငန်း တွေ လုပ်ဖို့ တိုက်တွန်းနေတာလား။ စိတ်ဝင်စားစရာကောင်းတဲ့မောင်ကဒက်ရဲ့စကားတစ်ခွန်းရှိပါတယ်။“DKBAလိုငြိမ်းချမ်းစွာနဲ့ကရင်လူထုကို ကောင်းအောင်လုပ်နေလျှင် DKBAများကို ကရင်လူထုကြီးများ က ချီးကျူးကြလိမ့်မည်” DKBAလိုငြိမ်းချမ်းစွာနဲ့ကရင်လူထုကို ကောင်းအောင်လုပ်နေတာတွေရှိရင်ပြောပြပါဗျာ။ Internet မှာအရမ်းတင်ချင်လို့ပါ။

KNU ကိုယ်ပိုင်ပြဌန်းခွင့် တောင်းတာနဲ့ပတ်သက်ပြီး မောင်ကဒက်ရဲ့လုပ်ဖေါ်ကိုင်ဖက် “ ဒါမြ” နဲ့ ဆွေးနွေးတင်ပြ ပြီးဖြစ်ပါတယ်။ ပို့စ်အဟောင်းထပ်တင်ဖို့ စာဖတ်ပရိတ်သတ်တွေကိုအားနာပါတယ်။

ဒီလောက်ဆိုအကြမ်းဖက်လုပ်ငန်းနဲ့ပတ်သက်ပြီးမောင်ကဒက် ပိုပြီးနားလည်လာမယ်လို့မျှော်လင့်ပါတယ်။

အမှန်ကိုမြင်အမှားပြင်လျှက် ပြည်သူ့အကျိုးထမ်းပိုးနိုင်ပါစေ......

အားလုံးကိုလေးစားလျှက်

ဖူးဒို (ကရင်တိုင်းရင်းသား)
စက်တင်ဘာ ၂၃ ရက် ၂၀၀၉

No comments:

Post a Comment