Saturday, October 24, 2009

မွန်ပြည်သစ်ပါတီနှင့် နအဖတို့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်လာနိုင်ချေ အလားအလာများ

Sat 24 Oct 2009, အောင်သူ

၁၉၈၉ မတ်လ နဝတခေတ်မှစတင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲရန် စစ်အစိုးရက အားကုတ်အားခဲ ကြိုးစားဆောင်ရွက်ခဲ့သည်။ နဝတခေတ်က စတင်ခဲ့ရာ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးလုနီးပါး စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ မလွှဲသာ၍ မွန်ပြည်သစ်ပါတီကလည်း ၁၉၉၅ ဇွန်လ ၂၉ ရက်နေ့တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ခဲ့ရသည်။

၎င်းနောက်ပိုင်းတွင် နဝတ-နအဖတို့ကလည်း ငြိမ်းချမ်းရေးနဲ့တနည်း လက်နက်စွန့်၍တဖုံ အမည်အမျိုးမျိုးတပ်ကာ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြန်သည်။ နဝတခေတ်မှ နအဖခေတ်သို့ ငြိမ်းချမ်းရေးအမည်ဖြင့် အပစ်အခတ်ရပ်စဲရေးကို ရေရှည်ဆယ်စုနှစ် ၂ ခုခန့် ထိန်းသိမ်းနိုင်ခဲ့သည်။ ၂၀၀၉ မေလမှ စတင်ပြီး နအဖတို့သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို နောက်ထပ်နည်းပရိယာယ်တမျိုး ထုတ်သုံးကာ နယ်ခြားစောင့်တပ်အဖြစ်လည်းကောင်း၊ ပြည်သူ့စစ် အသွင်ပြောင်းလဲရေး အစီအစဉ်အဖြစ်လည်းကောင်း ကမ်းလှမ်းလာခဲ့ပြန်သည်။

နအဖသည် မွန်ပြည်သစ်ပါတီကို ၂၀၀၉ ဇွန်လ ၇ ရက်နေ့တွင် ရတခတိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းကိုယ်တိုင် မွန်ပြည်သစ်ပါတီ ထိပ်တန်းခေါင်းဆောင်များကို တရားဝင်ခေါ်ယူပြီး ၄င်းတို့အစီအစဉ်များကို ချပြရှင်းပြခဲ့ပြီး မွန်ပြည်သစ်ပါတီ၏ သဘောထားကိုလည်း မေးမြန်းတောင်းယူခဲ့ပါသည်။ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များကလည်း ၄င်းတို့၏ ပါတီတွင်း၊ တပ်တွင်း၊ ပြည်သူလူထုတွင်းသို့ ရှင်းလင်းခဲ့ပြီး အကြံပြုချက်များကိုလည်း တောင်းခံခဲ့ပါသည်။ အကြံပြုချက်များစုစည်းပြီး မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်များက အရေးပေါ်အစည်းအဝေးကို ဇူလိုင်လနောက်ဆုံးပတ်တွင် ကျင်းပပြီး နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ် ပြောင်းလဲရေးအပေါ် သဘောထားကို ၆၂ ကြိမ်မြောက် မွန်အမျိုးသားတော်လှန်ရေးနေ့တွင်

“မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်သည် အခြားလူမျိုးစုများ ကဲ့သို့ပင် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အပစ်အခတ်ရပ်စဲခဲ့ရခြင်း ဖြစ်သည်၊ မွန်အမျိုးသား ပြည်သူလူထုအတွက် ပါတီနှင့်တပ် မတော်ရှိနေခြင်းကြောင့် အချို့သောအမျိုးသားအခွင့်အရေးများရရှိကာ အမျိုးသားဘဝသည်လည်း အတန်အသင့် လုံခြုံမှု ရရှိလာသည်။ မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်မရှိဘဲ ပါတီနှင့် တပ်ခွဲထားခြင်း၊ ဖျက်သိမ်းခြင်းကို လက်ခံနိုင်မည် မဟုတ်ပါ။ ဖြစ်နိုင်မည်ဆိုလျှင် အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရ ၊ အနာဂတ် အစိုးရသစ်နှင့် သော်လည်းကောင်း ရပ်တည် တောင်းဆို သွားမည်ဖြစ်ပါသည်။ ဒီအလှည့်အပြောင်း ကာလကြီးတွင် ပါတီဝင်ရဲဘော်၊ မျိုးချစ်ပြည် သူအပေါင်းတို့က အမျိုးသားအင်အားစု၊ ဒီမိုကရေစီအင်အားစု မဟာမိတ်များနှင့် လက်တွဲပြီး တွေဝေနောက်တွန့်ခြင်း မရှိဘဲ ရဲရင့်ညီညာစွာ အမျိုးသားလွတ်မြောက်ရေးပန်းတိုင်သို့ ချီတက်သွားကြပါစို့ဟု တိုက်တွန်း နှိုးဆော် လိုက်ပါသည်။”

ဤသို့ ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။ ထို့အတူ နအဖသို့လည်း သြဂုတ်လ ပထမပတ်တွင် အကြောင်းပြန်ကြားခဲ့ပြီး ဖြစ်သည်။

နအဖအနေဖြင့် မွန်ပြည်သစ်ပါတီအပေါ် ၂၀၀၅ ခုနစ် အမျိုးသားညီလာခံကို မွန်ပြည်သစ်ပါတီက ကိုယ်စားလှယ်အဖြစ်မှ လေ့လာသူအဆင့် လျှော့ချခဲ့စဉ်ကပင် အမြင်မကြည်လင်ခဲ့ပေ။ မွန်ပြည်သစ်ပါတီသည် အပစ်အခတ်ရပ်စဲထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများကို ဦးဆောင်ညှိုနှိုင်းနေသည့် အဖွဲ့တဖွဲ့ဖြစ်ကြောင်း၊ သဘောထားတင်းမာနေသော အဖွဲ့အစည်းတခုဖြစ်ကြောင်း၊ နအဖတို့ရဲ့ အားနည်း ချက်များကို တိုက်ရိုက်ဝေဖန်ပြောဆိုရဲသည့် အဖွဲ့တခုဖြစ်ကြောင်း စသည်ဖြင့် နအဖတို့က ယူဆသုံးသပ်ထားသဖြင့် မွန်ပြည်သစ်ပါတီကို စီးပွားရေး အခွင့်အရေးများ ဖြတ်တောက်ပြီး စောင့်ကြည့်အခံရဆုံးသော အဖွဲ့အစည်းတခုလည်း ဖြစ်သည်။
နအဖသည် မွန်ပြည်သစ်ပါတီအပေါ် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပေါ်စေပြီး အပစ်အခတ်ရပ်စဲမှု ပျက်ပြားစေရန် တမျိုးမျိုး ရန်စပြုလုပ်လာမည့် အခြေအနေ အလားအလာရှိလာနိုင်သည်ဟု အကဲခတ်ရပါသည်။

၁၉၉၅ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်းမှ ၂၀၀၉ ခုနှစ်အတွင်း မွန်ပြည်သစ်ပါတီနှင့် နအဖတို့အကြား ပဋိပက္ခကြောင့် အပစ်ခတ်ရပ်စဲရေး ပျက်လုနီးပါး အခြေအနေ တင်းမာမှုများ ဖြစ်ပွားခဲ့ဘူးသည်။

၁၉၉၇ ဇန်နဝါရီလ ၇ ရက်နေ့တွင် မဲသရောထာ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး သဘောတူချက်လက်မှတ် ပါဝင်ရေးထိုးခဲ့သည့် နိုင်ဟံသာ၊ နိုင်ကောင်းရွတ်၊ နိုင်ခွယ်ဟောင်းမွန်တို့အား ဗဟိုကော်မတီအဆင့်မှ လျှော့ချရန် ဖိအားအမျိုးမျိုး ပေးခဲ့ခြင်းကြောင့် ၄င်းတို့ ၃ ဦးအား ရာထူးမှ ၆ လ လျှော့ချလိုက်ရခြင်း။

၂၀၀၃ ဇူလိုင်လ ၁၇ ရက်နေ့တွင် နအဖတို့က မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်များဖြစ်ကြသော နိုင်ယက္ခ၊ နိုင်ချမ်းဂကောင်းတို့အား မတရားဖမ်းဆီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ခြင်း။

၂၀၀၅- ရေးမြို့နယ်မြောက်ပိုင်းတွင် တာဝန်ယူနေရသော မွန်ပြည်သစ်ပါတီ မြို့နယ်ကော်မတီအဆင့် ရဲဘော်နိုင်ရဲနိုင်နှင့် အပေါင်းအပါ ၅ ဦးအား ဖမ်းဆီးအကျဉ်းချခဲ့ခြင်း။

သထုံခရိုင်တပ်ရင်းတွင် တာဝန်ယူနေရသော ရဲဘော်နိုင်ဟတိုက်က ရာဇဝတ်မှုကြီး ခံနေရသော တရားခံအား ပစ်သတ်မှုဖြင့် လာရောက်ဖမ်းဆီး အရေးယူရန် အကြောင်းပြချက်ဖြင့် တပ်အင်အား ၁၀၀ ခန့် လာရောက်ပြီး အင်အားပြ ခြိမ်းခြောက်ခဲ့ခြင်း။

မွန်ပြည်သစ်ပါတီဌာနချုပ် ဂွင်အတွင်းသို့ လာရောက်ပြီး မြေတိုင်းရန်အကြောင်းပြပြီး တိုင်းထွာမှတ်တမ်း ပြုလုပ်ခဲ့ခြင်း၊

၂၀၀၈- အေပရယ် ၁၈ ရက်နေ့တွင် နအဖ၏ အားပေးအားမြှောက်ပြုနေသော ဗိုလ်အောင်နိုင်အုပ်စု မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီဝင် ဒေါက်တာနိုင်မင်းနောင်အား ပစ်သတ်ခဲ့ခြင်းနှင့် မေလ ၈ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ မြို့နယ်ကော်မတီဝင် နိုင်ရာဇာအား လက်နက်ဖြင့် ၆ ချက်တိတိ ပစ်ခတ်ခဲ့သည့် ကိစ္စရပ်များသည် နအဖ၏ ကြိုးကိုင်မှုနှင့် မကင်းကြောင်း အရိပ်အရောင်ထွက်ပေါ်နေခြင်း။

၂၀၀၉- သြဂုတ်လဆန်းပိုင်းတွင် မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာက KNU မှ စောသမိန်ထွန်း၊ DAB အထွေထွေအတွင်းရေးမှူး ဒေါက်တာကျော်ညွန့်နှင့် ABSDF ကျောင်းသားခေါင်းဆောင်များ ပူးပေါင်းပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပန်းတိုင်လှုပ်ရှားမှုအဖွဲ့ အမည်နှင့် မြန်မာပြည်အတွင်း နေရာအနှံ့အပြား၌ လူထုအုံကြွမှု ဖြစ်စေရန် လူ ၆၀ ဦးနှင့် ဖေါက်ခွဲရေးပစ္စည်းများ စေလွှတ်ထားကြောင်း စစ်အစိုးရမှ ရယကများထံ ပေးပို့ခဲ့သော လှို့ဝှက်ညွှန်ကြားချက်များ ဖြန့်ဝေခဲ့သည့် မဟုတ်ပဟတ်လုပ်ဇာတ်သတင်းများ ပြန့်နှံ့ခဲ့ခြင်း စသည့်အခြေခံ အကြောင်းတရားတို့ ဖြစ်သည်။

အထက်ပါအခြေအနေများသည် မွန်ပြည်သစ်ပါတီအား ရန်စကျူးကျော်မှုဖြစ်သကဲ့သို့ အားစမ်း ရန်ရှာနေသည့်ပုံစံလည်း ဖြစ်နေပါသည်။ မွန်ပြည်သစ်ပါတီသည် အထက်ဖေါ်ပြပါ အကြောင်းအရာ အခြေအနေများကို အမျိုးမျိုးအကဲခတ် သုံးသပ်ရင်းဖြင့် အပစ်အခတ်ရပ်စဲမှုကို ခက်ခဲစွာ ထိန်းသိမ်းနိုင်ခဲ့သည်။ ထိုအချိန်တွင် နအဖကလည်း အမျိုးသားညီလာခံ ကျင်းပနေသည့်ကာလ ဖြစ်နေသည့်အလျှောက် လွန်လွန်ကျွံကျွံ မဖြစ်အောင်လည်း ထိန်းသိမ်းထားဟန် ရှိခဲ့ပါသည်။

၁၉၉၄ ခု၊ ဇန်နဝါရီလမှ ၁၉၉၅ ခုနှစ် မေလအထိ ယခင်နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်များ မော်လမြိုင်မြို့ ရတခ၌ လေးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့သည့် စစ်အစိုးရ၏ ကိုယ်စားလှယ်အဖြစ် အဓိကပါဝင်ခဲ့သူများ ဖြစ်ကြသော ဗိုလ်ကျော်သိန်း၊ ဗိုလ်စန်းပွင့်၊ ဗိုလ်ကျော်ဝင်း၊ ဗိုလ်သိန်းဆွေ၊ ဗိုလ်ချုပ်ခင်ညွန့် (စစ်ထောက်လှမ်းရေးဟောင်း) စသည်တို့လည်း ယခုအခါ ရာထူးမှ ဖြုတ်ချခံရ၊ ထောင်ဒဏ်ကျခံနေရသည့်အတွက် မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအကြား အပစ်ခတ်ရပ်စဲရေး မပြတ်အောင် ပြောဆိုကာကွယ်ပေးသူလည်း မရှိတော့သဖြင့် မွန်ပြည်သစ်ပါတီနှင့် နအဖစစ်အစိုးရအကြား ယခင်အခြေအနေကအတိုင်း အချိန်မရွေး ပြန်လှည့်သွားနိုင်သည်။

ယ္ခုအချိန်တွင် ထိုစဉ်အချိန်အခါနှင့် မတူတော့၊ အချိုးအဆစ် အပြောင်းအလဲတချို့ ပြောင်းလဲလာလိမ့်မည်။ အပစ်ခတ်ရပ်စဲရေးခေတ်လည်း ကုန်ဆုံးနေပြီ ဖြစ်သည့်အတွက် နအဖ၏ ကြီးကျယ်သော နောက်တဖန်ရန်စမှုတခု ကြုံရမည့်အလားအလာ ရှိနိုင်မည်ဖြစ်သည်၊ မွန်ပြည်သစ်ပါတီလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် လမ်းပိတ်သလောက် ဖြစ်နေသည့်အပေါ် အားရကျေနပ်မှုမရှိသကဲ့သို့ ယနေ့အထိ နအဖ ဇွတ်လုပ်နေသည့် နိုင်ငံရေးလမ်းပြမြေပုံ ၇ ချက်ကလည်း မွန်ပြည်သစ်ပါတီ၏ နိုင်ငံရေးရပ်တည်ချက်နှင့် လုံးဝဆန့်ကျင်နေသည်။

အပစ်အခတ်ရပ်စဲရေး ပျက်ပြီး ဖြစ်နိုင်ခြေရှိသော လက်နက်ကိုင်ဖြစ်ပွားမှု အလားအလာများမှာ

၁။ ရွေးကောက်ပွဲ ဝင်ရောက်ရေးအတွက် နိုင်ငံရေးပါတီဖွဲ့စည်းမှု နည်းဥပဒေ ထွက်ပေါ်လာခဲ့သော် မွန်ပြည်သစ်ပါတီအား ရွေးကောက်ပွဲပါဝင်ရေးအတွက် စည်းရုံးလာလိမ့်မည်၊ ဝင်ခဲ့မည်ဆိုလျင် အခွင့်အရေးများ၊ အကူအညီများ၊ ပံ့ပိုးမှုများ ပုံအောပေးပြီး တမူထူးခြားသော အစီအစဉ်သစ်များဖြင့် ပြန်လည်ဖန်တီးပေးလာလိမ့်မည်။ နအဖအနေနှင့် လုပ်ဖော်ကိုင်ဖက်အဖြစ် သတ်မှတ်ပြီး စေတနာဖြင့် မွန်ပြည်သစ်ပါတီအပေါ် အခွင့်အရေး၊ အကူအညီ၊ ပံ့ပိုးမှုများ ပုံအောပေးရက်သားနှင့် မဝင်ရောက်ခဲ့ပါက မိမိတို့တာဝန်မဟုတ်ဘူးဆိုသည့် အခြေနေကနေ မွန်ပြည်သစ်ပါတီကို တရားဝင် နိုင်ငံရေးပါတီအဖြစ်မှ လျှော့ချပြီး တရားမဝင်အသင်း (မတရားအသင်း) အသွင်သဏ္ဍာန်အဖြစ် ကြေငြာပြီး ပါဝင်ပတ်သက်သူများကို အရေးယူသွားလိမ့်မည်။ အပစ်ခတ်ရပ်စဲရေးလည်း အလိုအလျှောက် ပျက်ပြားသွားမည်။

၂။ မွန်ပြည်သစ်ပါတီသည် ၄င်းတို့၏ တပ်တည်နေရာဒေသအတွင်း နအဖမှ ဝင်ရောက်တပ်စွဲခြင်း၊ ရန်စကျူးကျော်ခြင်း၊ ဖိအားပေးခြင်းများ ပြုလုပ်ခဲ့ပါက လုံးဝခံနိုင်မည် မဟုတ်ဟု ထပ်ခါတလဲလဲ ပြောခဲ့ပြီး ဖြစ်သည်။ ယ္ခုအချိန်တွင် နအဖက ကရင်အမျိုးသားအစည်းအရုံး KNU ကို စစ်ဆင်ရေး ပြုလုပ်မည်ဟူသည့် အကြောင်းပြချက်ဖြင့် မွန်ပြည်သစ်ပါတီ၏ တပ်တည်နေရာများကို အရှုပ်အထွေး ဖြစ်အောင် ဖန်တီးလာလိမ့်မည်။ လက်နက်ကိုင် ပဋိပက္ခဖြစ်အောင် မှားယွင်းပစ်ခတ်သွားခြင်း၊ ထင်ရောင်ထင်မှားဖြစ်အောင် ပစ်ခတ်ခြင်း၊ ကိုယ့်လူကို အသုံးချပြီး ပစ်ခတ်သွားခြင်း စသည့် ရန်စသည့် အပြုအမူများ စတင်ပြုလုပ်လာမှာ ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးကို မွန်ပြည်သစ်ပါတီက စတင်ဖျက်ဆီး သည်ဟူသည့် တချက်ခုတ်နှစ်ချက်ပြတ် လုပ်ဇာတ်ခင်းလာမည့် အသွင်သဏ္ဍာန်ဖြင့် အပစ်ခတ်ရပ်စဲရေး မပျက် ပျက်အောင် အကောင်အထည် ဖော်လာလိမ့်မည်။

၃။ မွန်ပြည်သစ်ပါတီသည် အခြားနိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းကြောင့် လည်းကောင်း၊ နအဖကိုသိက္ခာကျစေသော အပြုအမူလုပ်ရပ် ပြုလုပ်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ရာဇဝတ်ပြစ်မှုတခုခုဖြင့် ညိစွန်းအောင် ဖန်တီးပြုလုပ်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ဆက်ကြေးတောင်းခံခြင်း၊ တပ်အင်အားစုဆောင်းခြင်း၊ လက်နက်ကိုင်လှုပ်ရှားမှု ပြုလုပ်ခြင်းစသော နှစ်ဦးနှစ်ဖက် ကတိခံယူ သဘောတူညီမှုကို မွန်ပြည်သစ်ပါတီက ချိုးဖောက်သည်ဟူသည့် ခေါင်းစဉ်များကြောင့်လည်းကောင်း စသည့်အကြောင်းပြချက်များဖြင့် နအဖက အပစ်အခတ်ရပ်စဲမှုကို ဖျက်သွားမည့် အနေအထားရှိသည်။
ဤအခြေအနေများကို အခြေပြု၍ နအဖက တမင်ဖန်တီးပြီး မွန်ပြည်သစ်ပါတီနှင့် နအဖ စစ်အစိုးရအကြား ရရှိပြီးသား ငြိမ်းချမ်းရေးမှ အရင်လွန်ခဲ့သည့် ၁၅ နှစ်-အနှစ် ၂၀ အနေအထားသို့ ရောက်ရှိသွားပေလိမ့်မည်။ မွန်ပြည်သစ်ပါတီအား အစဦးဆုံး ခြေမှုန်းနိုင်ခဲ့မည်ဆိုလျင် ကျန်ရှိနေသော အပစ်ရပ်အဖွဲ့များကိုလည်း ဦးနှိမ်ထားနိုင်သည်။ ချောက်ချားအောင်လည်း ပြုလုပ်သွားနိုင်သည်။

ဖြစ်ရပ်အခြေအနေအားလုံးအပေါ် ခြုံငုံသုံးသပ်လိုက်မည်ဆိုလျင် ၁၄ နှစ်ကျော် ငြိမ်သက်နေသော မီးတောက်များ ပြန်လည်ပေါက်ကွဲလာနိုင်သည့် အခြေအနေသည် “တစ်လက်မ” ပင် လိုအပ်နေသည့်အတွက် မွန်ပြည်သစ်ပါတီအနေဖြင့် မိမိတို့ ယုံကြည်ထားသည့်အတိုင်း တပ်ပေါင်းစုဖြင့် အောင်ပွဲခံမည်ဖြစ်၍ တပ်ပေါင်းစုမဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်သူအင်အား၊ တပ်ပါတီအင်အား အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိအောင် စည်းရုံးပြင်ဆင်ထားရန် အထူးလိုအပ်နေပါသည်။

ဖြစ်ပေါ်လာမည့် အခြေအနေအားလုံးကို မိမိတို့ လက်ဦးရယူမှု၊ ကြုံတွေ့လာမည့် အခြေအနေအကြောင်းတရားအပေါ် ရင်ဆိုင်အနိုင်ယူ ကျော်လွှားသွားနိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို မွန်ပြည်သစ်ပါတီအနေဖြင့် အချိန်မီ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

No comments:

Post a Comment