Tuesday, October 20, 2009

မွန်လူငယ်များနှီးနှောဖလှယ်ပွဲမှ Mon Youth Forum ဖွဲ့စည်း၊ ၂၀၁၀ ရွေးကောက်ပွဲမကျင်းပသင့်ဟုကြေညာချက်ထုတ်ပြန်

Kaowao

ကောင်းဝါ(အောက်တိုဘာ-၂၀)။ ။ မွန်လူငယ်ထုတစ်ရပ်လုံးအား ကိုယ်စားပြုသည့် Mon Youth Forum အဖွဲ့အစည်းတစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို လက်ရှိအနေအထားအတိုင်း စစ်အစိုးရမကျင်းပသင့် ကြောင်း ကြေညာချက်တစ်စောင် မွန်ဘာသာဖြင့်ထုတ်ပြန်ထားသည်ကို လက်ခံရရှိခဲ့၏။

မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန် ဒုတိယအကြိမ်မွန်လူငယ်နှီးနှောဖလှယ်ပွဲတွင်မိန့်ခွန်းပြောကြားခဲ့စဉ်

ပြည်တွင်းပြည်ပရှိ မွန်လူငယ်တစ်ရပ်လုံးအနေဖြင့် စစ်အစိုးရမှ၂၀၀၈ အခြေခံဖွဲ့စည်းပုံကိုလည်း ပြန်လည်မပြင်ဆင်၊ နိုင်ငံရေးအကျဉ်းသားအားလုံးတို့ကိုလည်း ပြန်လည်မလွှတ်ပေးသည့်အတွက် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာနိုင်မည်မဟုတ်သောကြောင့် ယခုအနေအထားအတိုင်း၌ ၂၀၁၀ ရွေးကောက်ပွဲကို မကျင်းပ သင့်ဟု အောက်တိုဘာလ ၁၇ ရက်နေ့စွဲပါ မွန်လူငယ်များ၏ Mon Youth Forum ထုတ်ပြန်ချက်တွင် ထောက်ပြထားပါသည်။

Mon Youth Forum သည် ဒေသအသီးသီးရှိ မွန်လူငယ်များအတွင်း ညီညွတ်မှုတည်ဆောက်ရေးနှင့် မွန်ဒေသ တဝှန်းရှိ လူငယ်များနှင့် အတူတကွပါဝင်လက်တွဲဆောင်ရွက်လာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။



ဒုတိယအကြိမ်မွန်လူငယ်နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသောမွန်လူငယ်များ

ယခုနှီးနှောဖလှယ်ပွဲ၌ အဖွဲ့အစည်းအားလုံ၏ကိုယ်စား လူငယ် ၁၄ ဦးကိုရွေးချယ်ခဲ့ကြပြီး လုပ်ငန်းများ အကောင်အထည် ဖေါ်လှုပ်ရှားသွားမည်ဟု အခမ်းအနားတက်ရောက်ခဲ့သူ မွန်လူငယ်တစ်ဦးက ပြောပါသည်။

အဆိုပါ ဒုတိယအကြိမ်မွန်လူငယ်များနှီးနှောဖလှယ်ပွဲကို ပြည်တွင်းပြည်ပရှိ မွန်တိုင်းရင်းသားများပါတီ ၊လူထု လူတန်းစားအခြေခံအဖွဲ့အစည်း ၂၅ ဖွဲ့နှင့် မွန်လူငယ်သံဃာ့အဖွဲ့အစည်းတို့အပါအဝင် ကိုယ်စားလှယ် ၉၀ ခန့်၊ မွန်ပြည်သစ် ပါတီထိန်းချုပ်ရာ မော်လမြိုင်ခရိုင်ရုံး(ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အင်းခွရွာ-မွန်တပ်တည်ခွင့်ရ နေရာ) ၌ အောက်တိုဘာ ၁၄ မှ ၁၆ ရက်အတွင်း ကျင်းပခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ၊ ဗဟိုနိုင်ငံရေးရာ ဌာနမှူး နိုင်ရွှေသိန်းက ပြောပါသည်။

“မွန်လူငယ်တွေ ဒီလိုလွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးနိုင်ဖို့ မွန်ပြည်သစ်ပါတီက အကူအညီပေးခဲ့ရပါတယ်” ဟုလည်း နိုင်ရွှေသိန်းက ဆက်လက်ပြောကြားခဲ့ပါသည်။

မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က ယခုကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်လူငယ်များနှီးနှောဖလှယ်ပွဲ အခမ်းအနားဖွင့်ပွဲတွင် သဘာပတိအဖွင့်မိန့်ခွန်း တက်ရောက်ပြောကြားခဲ့သည်။ ထို့အပြင် တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့လည်း ပါဝင်တက်ရောက်ခဲ့သည်ဟု သိရသည်။

မွန်လူငယ်ထုတစ်ရပ်လုံးပါဝင်သည့် ပထမအကြိမ် မွန်လူငယ်နှီးနှောဖလှယ်ပွဲကို ၂၀၀၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာဒေသ ရေးမြို့နယ်အရှေ့ဖက် ကန်းနီရွာ၌ စတင်ကျင်းပခဲ့သည်ဟု သိရသည်။

No comments:

Post a Comment