Sat 30 Jan 2010, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကျရောက်သည့် (၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းနားကို နယ်စပ်နှင့် ပြည်တွင်း ပြည်ပရှိ မွန်အမျိုးသားများ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။
(၆၃) ကြိမ်မြောက်မွန်အမျိုးသားနေ့ကို ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ဂျပန်ရေတွင်းကျေးရွာတွင် ကျင်းပပြီး၊ မွန်ပြည်သစ်ပါတီမှ ဥက္ကဌနိုင်ထောမွန်၊ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်များနှင့် နယ်စပ်ဒေသရှိ မွန်ပြည်သူများ ရာနှင့်ချီပြီး တက်ရောက်ကြသည်။
ထိုအခမ်းအနားတွင် မွန်ပြည်သစ်ပါတီ ဥက္ကဌနိုင်ထောမွန်မှ မွန်အမျိုးသားနေ့ ထုတ်ပြန်ကြေငြာချက်နှင့် သဝဏ်လွှာစာကို ဖတ်ကြားပေးခဲ့သည်။
မွန်ပြည်သစ်ပါတီ ထုတ်ပြန်ကြေငြာချက်မှ ပါတီစုံဒီမိုကရေစီပေါ်ထွန်းရေးနင့် ကိုယ့်အမျိုးသားကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးတို့အတွက် မဟာမိတ်ဘဝတူ တပ်ပေါင်းစုများနှင့် ဒီမိုကရေစီအင်အားစုများဖြင့် လက်တွဲလျှက် မရမချင်း၊ မရပ်မနား ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။
"ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တကယ်လို့ မြန်မာစစ်အစိုးရရဲ့ ၂၀၀၈ အခြေခံဥပဒေကို မပြင်ပေးဘူးဆိုရင် သူတို့ ဆန္ဒအတိုင်းသာ လုပ်သွားမယ်ဆိုရင် ရွေးကောက်ပွဲကို ဆန့်ကျင်သွားမှာပဲ၊ တကယ်လို့ သူတို့က ဒီရွေးကောက်ပွဲကို လုပ်မှာပဲဆိုရင်လည်း ဒီရွေးကောက်ပွဲဟာ ပြေလည်မှာ မဟုတ်ဘူး” ဟု မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က ထိုင်းသတင်းထောက်များ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့သည်။
လက်ရှိအစိုးရ၏ လူမျိုးစုလက်နက်ကိုင်တပ်များအား နယ်ခြားစောင့်တပ်(သို့မဟုတ်) ပြည်သူ့စစ်အသွင်ပြောင်းရေးကြိုးပမ်းနေမှုနှင့် ပတ်သက်ပြီး လက်မခံနိုင်သော အဖွဲ့အစည်းများကြားတွင် တူညီသောရပ်တည်ချက်များ ရှိလာကြသည်။ ၄င်းတို့မှာ (၁) စစ်မှန်သောပြည်တောင်စု၏ လူထုရွေးချယ်တင်မြောက်သောအစိုးရအောက်တွင် တပ်မတော်တရပ်တည်းရှိရန်ကို လက်ခံသည်။ (၂) ရှိနေသော လူမျိုးစုတပ်အသီးသီးတို့သည် မိမိတို့ဆိုင်ရာ ပြည်နယ်/ ဒေသအစိုးရ၏ ကွပ်ကဲမှူအောက်တွင်သာ ရှိရမည်ဟူ၍ ဖြစ်ပါသည်။ ထိုအချက်များကို မွန်ပြည်သစ်ပါတီကလည်း လက်ခံပြီး ပြေလည်အောင် ဆက်လက်ဆွေးနွေးညှိနှိုင်းသွားရမည်ဟု ခံယူထားသည်။ တချိန်တည်းမှာ ဖြစ်ပေါ်လာသည့် အကြပ်ကိုင်အင်အားသုံးမှုများကိုလည်း သတိကြီးစွာထားရှိရသည်ဟု ထုတ်ပြန်ချက်မှာ ပါရှိသည်။
“ဗမာပြည်ဟာ စစ်အစိုးရ အုပ်ချုပ်ထားတဲ့ တိုင်းပြည်ဖြစ်တယ် ပြီးတော့ ပြည့်စုံတဲ့ ဒီမိုကရေစီအုပ်ချုပ်မှုမဟုတ်တဲ့အတွက် ပြည်သူတွေကလည်း သူတို့ရဲ့ အခွင့်အရေး ဆုံးရူံးမှုတွေရှိတယ် ပြီးတော့ စစ်တပ်တွေအုပ်ချုပ်ထားတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိနေပါတယ်” ဟု နိုင်ထောမွန် ဆက်ပြောသည်။
မွန်ပြည်သစ်ပါတီအနေနှင့် မိမိတို့၏ရပ်တည်ချက်အတိုင်း မွန်ပြည်သူများ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ကြုံသမျှအခတ်အခဲများကို ကျော်ဖြတ်ပြီး မိမိတို့ရည်မှန်းချက်ပန်းတိုင်သို့ အရောက်သွားမည်ဟု မွန်ပြည်သစ်ပါတီအနေနှင့် ခိုင်မာသည့် သန္ဓိဌာန်ချထားသည်။
(၆၃) ကြိမ်မြောက်မွန်အမျိုးသားနေ့ကို ပြည်တွင်းရှိ မွန်များ ကျေးရွာအလိုက် ကျင်းပကြပြီး၊ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် မွန်များလည်း ကျင်းပသည်။ ထိုင်းနိုင်ငံရှိ မွန်-ထိုင်းတို့ကလည်း မွန်အမျိုးသားနေ့အခမ်းနားကို စည်ကားစွာ ကျင်းပခဲ့ကြသည်။
သမလမင်းနှင့် ၀ိမလမင်းတို့ ဟံသာဝတီမွန်နိုင်ငံတော်ကို တည်ထောင်ထားခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တနလာင်္နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပြီး မွန်အမျိုးသားများအားလုံးအတွက် မေ့မရနိုင်သော နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သည်။
No comments:
Post a Comment