မွန်ပြည်သစ်ပါတီ (ဗဟို) ဇန်နဝါရီ ၃၀ ၊၂၀၁၀။
မျိုးချစ်မွန်ပြည်သူအပေါင်းတို့၊ ပါတီဝင်ရဲဘော်အပေါင်းတို့…
မျိုးချစ်စိတ်နှင့်ဇာတိသွေးဇာတိမာန် ထက်သန်တိုးတက်ရေးကို ရည်ရွယ်လျှက် ဟံသာဝတီနေပြည်တော် တည်ဆောက်သည့် နေ့ကို အစွဲပြုကာ မွန်အမျိုးသားနေ့ ကျင်းပလာခဲ့သည်မှာ (၆၃)ကြိမ်တိုင်ခဲ့ပါပြီ။ မွန်ပြည်နယ်နှင့် မွန်ဒေသတနံတလျားရှိ မွန်အမျိုးသား အပေါင်းတို့သည် ဝတ်စုံအပြည့်ဖြင့် မွန်အမျိုးသားအလံတော်အား တခဲနက်ချီတက်အလေးပြုနေကြသည်မှာ များစွာဂုဏ်ယူဝမ်းမြောက် ဖွယ်ဖြစ်ပြီး မှတ်တမ်းပြုအပ်ပါသည်။ ဗဟို၊ခရိုင်၊မြို့နယ်အဆင့် အသီးသီးကိုယ်စားပြု အခမ်းအနားများကျင်းပနေသည်မှာလည်း အနာဂတ် အမျိုးသားရေးအတွက် လက္ခဏာကောင်းတရပ်ပင် ဖြစ်ပေသည်။ ကမ္ဘာ့အမျိုးသားရေး လှုပ်ရှားမှုအခြေအနေမှာ အမျိုးသားအခွင့်အရေးများ တဖြည်းဖြည်းချင်း တိုးတက်ရရှိနေသော အနေအထား ဖြစ်သည်။ စစ်ဖြစ်ပွားပြီး အပစ်အခတ်ရပ်စဲရေး လုပ်ထားသောနေရာများ၌ ကမ္ဘာ့နိုင်ငံများ၏ အကူအညီဖြင့် ညှိနှိုင်းဆွေးနွေးမှုများ တဖြည်းဖြည်းချင်း တိုးတက်မှုရရှိနေသည်။ အမျိုးသားအခွင့်အရေး ပိတ်ပင်ခြင်းခံထားရသော အချို့နိုင်ငံများ၌ အမျိုးသားရေးလှုပ်ရှား မှုများထိုးဖောက်ရုန်းထွက်လျှက်ရှိသည်။ သို့သော် အကြမ်းဖက်အစွန်းရောက်လှုပ်ရှားမှုများကို ကမ္ဘာကလက်မခံသဖြင့်ချင့်ချိန်ပြီး လှုပ်ရှား နေကြရသည်။
ထို့ကြောင့် မွန်အမျိုးသားရေးလှုပ်ရှားမှုသည် စိတ်ပျက်အားလျှော့ပြီး ဤရွေ့ဤမျှသာဟု တင်းတိမ်နေ၍မရပေ။ လှုပ်ရှားမှု၏ ရလာဒ်သည် ကျွန်ုပ်တို့၏ ရုန်းကန်ကြိုးစားမှုပေါ်တွင် များစွာမှီတည်နေပေသည်။ ပြင်ပစာနာကူညီမှုများသည် အရန်အခန်းတွင်ရှိပြီး မိမိလှုပ်ရှားမှု၏မူပေါ်လစီ မှန်ကန်မှု၊ လက်တွေ့အားဖြင့်လည်း ပြည်သူလူထုနှင့် မိမိအရေးကို စာနာထောက်ထားသော ကမ္ဘာ့နိုင်ငံများ၏ ထောက်ခံမှုရရှိရန်မှာအဓိကဖြစ်ပါသည်။
ပြည်တွင်းနိုင်ငံရေးသည် အမေရိကန်၏နိုင်ငံခြားရေးပေါ်လစီကြောင့် ဂယက်ရိုက်ခတ်မှုဖြစ်ပွားခဲ့ပါသည်။ ကမ္ဘာ့ပြဿနာများကို စမတ်ပါဝါသုံးပြီး ဖြေရှင်းမည်ဟု အမေရိကန်အစိုးရကကြေညာပြီး စစ်တပ်အစိုးရနှင့်လည်း ထိတွေ့ဆက်ဆံ၊ စီးပွားရေး ပိတ်ဆို့မှုကိုလည်း ဆက်လက်ကျင့်သုံးသည့် ပေါ်လစီကိုချမှတ်ခဲ့သည်။ ဤအချင်းအရာကြောင့် နိုင်ငံရေးအပြောင်းအလဲ ပေါ်လာနိုင်သည်ဟု တွက်ဆမှုများ ရှိနေပေသည်။ သို့ရာတွင် နိုင်ငံရေးအင်အားစုများအားလုံး၏ (၂၀၁၀) ခုနှစ် နိုင်ငံရေးပေါ်တွင် သေနင်္ဂဗျူဟာချခင်းမှုတူညီပြီး အချိတ် အဆက်ညီ လှုပ်ရှားမှုများရှိကြရန်မှာ အရေးကြီးလှပါသည်။
လက်ရှိအစိုးရ၏ လူမျိုးစုလက်နက်ကိုင်တပ်များအား နယ်ခြားစောင့်တပ်(သို့မဟုတ်) ပြည်သူ့စစ်အသွင်ပြောင်းရေးကြိုးပမ်းနေမှုနှင့် ပတ်သက်ပြီး လက်မခံနိုင်သော အဖွဲ့အစည်းများကြားတွင် တူညီသောရပ်တည်ချက်များ ရှိလာကြသည်။ ၄င်းတို့မှာ---
(၁) စစ်မှန်သောပြည်တောင်စု၏ လူထုရွေးချယ်တင်မြောက်သောအစိုးရအောက်တွင် တပ်မတော်တရပ်တည်းရှိရန်ကို လက်ခံသည်။
(၂) ရှိနေသော လူမျိုးစုတပ်အသီးသီးတို့သည် မိမိတို့ဆိုင်ရာ ပြည်နယ်/ ဒေသအစိုးရ၏ ကွပ်ကဲမှူအောက်တွင်သာ ရှိရမည်ဟူ၍ ဖြစ်ပါသည်။
ဤအချက်များကို မွန်ပြည်သစ်ပါတီကလည်း လက်ခံပြီးပြေလည်အောင် ဆက်လက်ဆွေးနွေးညှိနှိုင်းသွားရမည်ဟု ခံယူပါသည်။ တချိန်တည်းတွင် ဖြစ်ပေါ်လာသည့် အကြပ်ကိုင်အင်အားသုံးမှုများကိုလည်း သတိကြီးစွာထားရှိရပါသည်။
မျိုးချစ်မွန်ပြည်သူအပေါင်းတို့၊ ပါတီဝင်ရဲဘော်အပေါင်းတို့ …
ဤ(၂၀၁၀)နှစ်သည် အမျိုးသားအတွက် အရေးကြီးသောအချိန်အခါဖြစ်သည်။ ဤမွန်အမျိုးသားနေ့အခါသမယ၏ မျိုးချစ် စိတ်ဓာတ် ညီညွတ်မှုကို အခြေတည်ပြီး နိုင်ငံရေးအရ ညီညွတ်မှုခွန်အားအဖြစ် တဆင့်တက်လှမ်းနိုင်ရန် အရေးကြီးပါသည်။ . မွန်အမျိုးသားရေးရာသမဂ္ဂ (MAU) အတွင်း စုစည်းထားသော ပြည်တွင်းပြည်ပ မွန်အမျိုးသားအပေါင်းတို့၏ ညီညွတ်မှုကို အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲအတွက် အထောက်အကူဖြစ်အောင် ကျွန်ုပ်တို့ဆက်လက်ကြိုးပမ်းသွားရမည် ဖြစ်သည်။
အချုပ်အားဖြစ် ပါတီစုံဒီမိုကရေစီပေါ်ထွန်းရေးနင့် ကိုယ့်အမျိုးသားကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးတို့အတွက် မဟာမိတ်ဘဝတူ တပ်ပေါင်းစုများနှင့် ဒီမိုကရေစီအင်အားစုများဖြင့် လက်တွဲလျှက် မရမချင်း၊ မရပ်မနား ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့ဟု လေးလေး နက်နက် နှိုးဆော်တိုက်တွန်း လိုက်ရပါသည်။
မွန်တမျိုးသားလုံး သွေးစည်းညီညွတ်ကြ
စစ်မှန်သောပြည်ထောင်စု တည်ဆောက်ကြ
မွန်ကံကြမ္မာ မွန်တို့ဖန်တီးနိုင်ရမည်
၁၃၇၁ ခုနှစ်၊ တပို့တွဲလဆုတ် (၁)ရက်
၂၀၁၀ ခုနှစ်၊ ဂျာန္နာဝါရီလ (၃၀)ရက်
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
မွန်ပြည်သစ်ပါတီ
No comments:
Post a Comment