၎င်းသည် အွိဂျောင်ဘူဒေသ(Uijeongbu) ဖိုချောန်မြို့ ၊ ဂါဆန်ကျေးရွာ(P'ocheon Shi, Gasab Myeong)တွင် အီးပီဗီဇာဖြင့် တရားဝင်အလုပ်လုပ်နေသူဖြစ်ပြီး ၊ ပိတ်ရက်ကာလတွင် ဂွါန်ဂျူးလေး (Gyeonggi Do, Gwangju Shi) ရှိမိတ်ဆွေထံသို့ အလည်လာရောက်လာစဉ် ထိုကဲ့သို့ သေဆုံးသွားခြင်းဖြစ်ကြောင်း ၊ ယမန်နေ့ည ၁၂ နာရီခန့်က အခင်းဖြစ်ပွါးရာသို့ရောက်ရှိလာကြောင်း ၊ မိတ်ဆွေများနှင့်အတူ အိပ်စက်နေရာမှ နံနက် ၄နာရီခွဲခန့်တွင် အပေါ့အပါးသွားရန် ထသွားသည်ဟုဆိုကြောင်း ၊ အိပ်တန်းလျားအောက်ထပ်တွင် ၄င်းပြုတ်ကျ သေဆုံးနေသည်ကို နံနက် ၈နာရီခွဲခန့်ရောက်မှ အတူအိပ်နေကြသည့်မိတ်ဆွေများက တွေ့ကြသည်ဟုဆိုပါသည် ။
အဆိုပါ အိပ်ဆောင်တန်းလျားသည် ကိုရီးယားဘာသာဖြင့် အုတ်ဆန် (Oksang) ဟုခေါ်သည့် စက်ရုံအဆောက်အဦး အပေါ်ဆုံးခေါင်မိုးအထပ်တွင် လူနေခန်းအဖြစ် ဖန်တီးထားသည့် နေရာဖြစ်ကြောင်း ၊ ထိုအပေါ်ဆုံးထပ်၏ ဝရန်တာ လက်ရန်းမှာ ၊ ယခင် များမကြာသေးမီက တစ်ကြိမ်ပြုတ်ကျသွားသဖြင့် ပြန်လည်တပ်ဆင်ထားခြင်းဖြစ်ကြောင်း၊ ယခု ကိုအေးမင်းထွန်းမှာ ထိုခနော်ခနဲ့ ဝရန်တာနှင့်အတူ ပြုတ်ကျကွယ်လွန်သွားခြင်းဖြစ်သည်ဟုဆိုပါသည် ။ ယခုအခါ ကျန်ရစ်သူမိတ်ဆွေများနှင့် ကိုရီးယားရောက် မြန်မာအသိုင်းအဝိုင်းက ကိုအေးမင်းထွန်း၏ ဈာပနကိစ္စ ၊ သေမှုသေခင်းကိစ္စနှင့် အရေးပေါ်အသုံးစရိတ်အာမခံကြေးများရရှိရေးကိစ္စစသည့် ပြုဖွယ်ကိစ္စတို့ကို အပူတပြင်းလုပ်ဆောင်နေကြသည်ဟု ဆိုပါသည် ။
ကိုရီးယားနိုင်ငံရောက် နိုင်ငံခြားသားအလုပ်သမားအများစုတို့မှာ ထိုကဲ့သို့ အဆောက်အဦး အပေါ်ဆုံးထပ် ၊ စက်ရုံအကြို အကြားနေရာများတွင် ယာယီလူနေခန်းအဖြစ် ဖွဲ့စည်း၍ လည်းကောင်း ၊ စက်ရုံဝင်း သို့မဟုတ် လမ်းဘေး မြေနေရာလွတ်များတွင် ကွန်တိန်နာခေါ် ကုန်သေတ္တာများကို လူနေ အိပ်ဆောင်အဖြစ် ဖန်တီး၍ လည်းကောင်း ဆင်းရဲ ချို့တဲ့စွာ နေကြရကြောင်း ၊ ယခင် နိုင်ငံခြားသားလုပ်သားများ နေစရာနှင့် စားစရာများ ထောက်ပံ့ရေးဆိုင်ရာညွှန်ကြားချက်များတွင်မူ လူနေရန်မသင့်သောနေရာများတွင် နေစေခြင်းမပြုရန် ညွှန်ကြားထားသည်ဟု ဆိုပါသည် ။
No comments:
Post a Comment