Sunday, October 17, 2010

နိုင်ငံတော်အလံသစ် တသိန်းခွဲ အမြန်ချုပ်လုပ်ရန် ညွှန်ကြား

http://www.rfa.org/burmese/news/garment_factories_rushing_to_roll_out_new_flags-10152010110217.html
2010-10-15

မြန်မာစစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် အတည်ပြုထားခဲ့သော နိုင်ငံတော်အလံသစ်ကို ပြောင်းလဲအသုံးပြုမယ်ဆိုပြီး အမှတ်(၁) စက်မှု ဝန်ကြီးဌာနက ရန်ကုန် အထည်ချုပ် စက်ရုံတွေကို နိုင်ငံတော် အလံသစ်တွေကို အမြန် ချုပ်ခိုင်းနေတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ထံမှ သိရပါတယ်။

(RFA image)ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော စစ်အစိုးရက အခြေခံဥပဒေ အတည်ပြုသည့် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၃ ရက်မှ စတင်ကာ ယခုအချိန်ထိ အသုံးပြုနေသော အလံ (နောက်) နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော လက်ရှိ စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် အဆိုပြုထားသော အလံသစ် (ရှေ့) တို့ ဖြစ်ပါသည်။ (RFA image)

ပထမအသုတ်အနေနဲ့ အလျား ၆ ပေ၊ အနံ ၄ ပေ ရှိတဲ့ နိုင်ငံတော် အလံ တသိန်းခွဲချုပ်ဖို့ ညွှန်ကြားထားပြီး အဲဒီလို ချုပ်လုပ်ရမဲ့ ပိတ်စတွေကို မြောက်ဥက္ကလာပရှိ အမှတ်(၁) စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အထည်ချုပ်လုပ်ငန်းအမှတ် (၁၇) မှာ ထုတ်ယူရတယ်လို့ ရန်ကုန်အထည်ချုပ်စက်ရုံတွေဆီက သိရှိရပါတယ်။

အလံတခုကို ချုပ်ခ ကျပ် - ၆၀၀ ပေးပြီး အောက်တိုဘာလ ၂၁ ရက်နေ့အမီ အပ်ရမယ်လို့ အသင်းဝင်စက်ရုံတွေကို စက်မှု (၁) ဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ ရန်ကုန် အထည်ချုပ်စက်ရုံတွေကို ချုပ်ခိုင်းထားတဲ့ နိုင်ငံတော်အလံသစ် အဝါ၊ အနီနဲ့ အစိမ်း သုံးရောင်ခြယ် အလံ (ပုံ) ဖြစ်ပြီး အလယ်မှာ ကြယ်ဖြူအသစ်တလုံး ပါရှိပါတယ်။

မြန်မာစစ်အစိုးရအသုံးပြုနေတဲ့ လက်ရှိအလံကတော့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ ပြောင်းလဲ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment