Tuesday, October 25, 2011

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဗဟိုမှ ပြည်တွင်းမွန်ဘာသာဂျာနယ်ထုတ်

နိုင်မာန်၊ ကျလွန်းထော - မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဗဟိုမှ မွန်စာပေထွန်းကားလာစေရန်ရည်ရွယ်ချက်ဖြင့် “မွန်အသံ” အဓိပ္ပါယ်ရှိ မွန်ဘာသာဂျာနယ်တစ်စောင်ကို ပြည်တွင်း၌ထုတ်ဝေဖြန့်ချိနေပြီ ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပထမအကြိမ်ထုတ် ၄င်းဂျာနယ်ကို စတင်ဖြန့်ချိခဲ့ပြီး လာမည့် ဒီဇင်ဘာလတွင်လည်း ဆက်လက်ထုတ်ဝေနိုင်ရန်အတွက် ပြင်ဆင်နေဆဲဖြစ်ကြောင်း ထုတ်ဝေသူ မွန်လူငယ်တစ်ဦးက ပြောသည်။

“ကဏ္ဍအစုံ ထည့်ထားပေးတဲ့အတွက် စိတ်ဝင်စားတဲ့သူတွေများပါတယ်၊ တစ်စောင်ကို ၅၀၀ ကျပ်နဲ့ရောင်းတယ်၊ အုပ်ရေ ၂၀၀၀ ထုတ်ထားတာ အခုကုန်သလောက်ရှိသွားပါပြီ၊ ဒုတိယအကြိမ်မှာ ဒီထက် အုပ်ရေပိုထုတ်ဖို့ အစီအစဉ်ရှိပါတယ်၊ မွန်ဒေသအနှံ့ကို ဖြန့်ဝေထားပါတယ်” ဟု ၄င်းက ပြောသည်။

၎င်းဂျာနယ်တွင် မွန်ဒေသတလျှောက် လက်ရှိဖြစ်ပေါ်နေသည့် လူမှုရေးသတင်းအရပ်ရပ်တို့ကို အခြေခံပြီး ကျန်းမာရေး၊ စီးပွားရေး၊ မွန်ဂီတ၊ ဇာတ်သဘင်ကဏ္ဍနှင့် ဖြစ်ပေါ်နေသည့် ပြည်တွင်းရေးအခြေအနေတို့ကို ပုံရိပ်များနှင့်အတူ တင်ဆက်ထားသည်။

“မွန်ဘာသာနဲ့ထုတ်ဝေတဲ့ ဂျာနယ်၊ သတင်းစာ၊ စာစောင်မဂ္ဂဇင်းတွေ မွန်လူ့အဖွဲ့အစည်းမှာ တော်တော်လေး ရှားပါတယ်၊ ဒီလိုဂျာနယ်မျိုးကို ထုတ်သင့်တာ ကြာပြီ” ဟု ဂျာနယ် ဝယ်ဖတ်သူ မော်လမြိုင်မြို့ခံ တစ်ဦးက ပြောသည်။

စာမျက်နှာ ၂၄ မျက်နှာပါရှိသည့် မွန်အသံဂျာနယ်ကို ၃ လတစ်ကြိမ် ထုတ်ဝေသွားမည်ဖြစ်ပြီး မွန်ဘာသာတစ်ခုတည်းတာ ရေးသားထားခြင်း ဖြစ်သည်။

“အခုချိန်မှာတော့ မွန်ဘာသာတစ်ခုတည်းပဲ ထည့်ထားတယ်၊ နောက်ဆက်လက်ထုတ်သွားမယ့် ဒီဂျာနယ်မှာ မွန်စာမတတ်တဲ့သူတွေအတွက် မြန်မာဘာသာနဲ့လည်း ဆက်လက်ထုတ်ဝေသွားဖို့ရှိပါတယ်” ဟု အထက်ပါ ထုတ်ဝေသူ မွန်လူငယ်က ပြောသည်။

လက်ရှိမွန်လူမှုအသိုင်းအဝိုင်းတွင် မွန်ဘာသာသက်သက်ဖြင့် “အမာတ်ဒိန်ဂျာနယ်” (၃) လတစ်ကြိမ် ထုတ်ဝေနေပြီး မွန်သံဃာပျိုအဖွဲ့မှလည်း မွန်သတင်းဂျာနယ်တစ်စောင် ထုတ်ဝေလျှက်ရှိသည်။

“အခု လက်ရှိအခြေအနေအရဆိုရင် မွန်အသံဂျာနယ်က လစဉ် ထွက်မယ်ဆိုရင် ကောင်းမယ်လို့ ကျနော်မြင်တယ်၊ ဖြစ်နိုင်ရင် ဂျာနယ်ထုတ်ဝေတဲ့အဖွဲ့အစည်းတွေ ဂျာနယ်လစဉ်ထွက်နိုင်ဖို့အတွက် ကြိုးစားကြပါလို့ အားပေးချင်တယ်” ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဗဟို အထွေထွေအတွင်းရေးမှူး နိုင်မွန်ရာဇာက ပြောသည်။

No comments:

Post a Comment